စေတနာအလွဲ

မိမိဖက်က စေတနာထားပေးခဲ့ပေမယ့်… တစ်ဖက်သားက မိမိရဲ့ စေတနာကို လက်မခံ တဲ့အခါမျိုး၊ မသိကျိုးကျွန်ပြုခံရ တဲ့အခါမျိုး၊ ပေါ့ပေါ့တန်တန် သဘော ထားခြင်းခံရတဲ့အခါမျိုး လူသားတိုင်းလို ဘ၀တကွေ့ မှာ တစ်ကြိမ်မဟုတ် တစ်ကြိမ် လောက်တော့ တွေ့ ဖူး ကြုံဖူး ခဲ့ကြလိမ့်မယ် ထင်ပါတယ်။

အခုတော့…ကျွန်မလည်း ကြုံတွေ့ ဖူးသွားပါပြီ။

လွန်ခဲ့တဲ့ ၂-ပတ်ခန့် က ညနေရုံးဆင်းတော့ ကျွန်မတို့  ကုမ္ပဏီမှာ အတူတူ အလုပ်လုပ်ကြတဲ့ အစ်မတွေ နဲ့  လသာမြို့ နယ်က၊ စိန်ဂေဟာမှာ ခေါင်းလျှော် ရည်ဗူး သွားဝယ်ဖြစ်ခဲ့ပါတယ်။ USHIDO ကောင်တာမှာ ကျပ်တစ်သောင်းဖိုး ၀ယ်ရင် ထီးလှလှလေး တစ်လက် လက်ဆောင်ပေးနေပါတယ်။ ကျွန်မလည်း USHIDO shampoo တစ်ဗူးဝယ်ဖြစ်ခဲ့ပါတယ်။ ထီးလက်ဆောင်လေးက အခု ၂၀၁၄ အတွက် ဖက်ရှင်ဖြစ်တဲ့ Navy ပြာဆန်ဆန် မိုးပြာရောင်ရင့်ရင့် မှိုင်းမှိုင်းလေး ဖြစ်ပါတယ်။ ထီးလေးရဲ့ ဒီဇိုင်းက ရိုးရိုး ရှင်းရှင်းလေးနဲ့  ချစ်စရာကောင်းတာရယ်၊ ၂၀၁၄ ဖက်ရှင်ကာလာဖြစ်လို့  ခေတ်မီဆန်းသစ်တာရယ်၊ အရောင်က တည် တည်ငြိမ်ငြိမ် လေးမို့  ကျွန်မ သိပ်သဘောကျ မိခဲ့ပါတယ်။


ဈေးတူတူဝယ်ထွက်ကြတဲ့ ကုမ္ပဏီက အစ်မတွေက ဒီတစ်နှစ် မိုးတွင်းမှာ ဒို့ တွေ ဆင်တူထီးဆောင်းကြမယ်လို့  ပျော်ရွှင် စွာနဲ့ အဖော်ညှိခဲ့ကြပါသေးတယ်။ ဒီလိုနဲ့ အိမ်ပြန်တဲ့လမ်းမှာ ကျွန်မ တစ်ခုကို သွားသတိယမိတယ်။ ဒီထီး လှလှလေးကို ကျွန်မ မဆောင်းတော့ဘဲ ကျွန်မရဲ့  သူငယ်ချင်းမ တစ်ယောက်ကို လက်ဆောင်ပေးလိုက်ရင် သူမတော့ ပျော်သွားမှာဘဲပေါ့။ ဒါနဲ့  အိမ်ရောက်တော့ သူမကို ဖုန်းဆက်လိုက်ပါတယ်။

(ကျွန်မ) သူငယ်ချင်းရေ… မိုးကျတော့မယ်နော်…ဒီနှစ် မိုးတွင်းဆောင်းထီး ၀ယ်ပြီးပြီလား

(သူမ) မ၀ယ်ရသေးဘူး…

(ကျွန်မ) ဒါဆို မ၀ယ်နဲ့ တော့နော်…ဒို့  USHIDO shampoo ၀ယ်ရင်း ထီးလှလှလေး လက်ဆောင်ရထားတယ်..အဲဒါ သူငယ်ချင်းကို လက်ဆောင်ပေးမလို့ …


သူမ ကို ထီးရဲ့ အရောင်လေးအကြောင်း ပြောပြခဲ့တော့..သူမကလည်း ၀မ်းသာပျော်ရွှင်တဲ့ အသံလေးနဲ့  ထီးကို ကုမ္ပဏီမှာ လာယူမယ် လို့ ပြောပါတယ်။ သူငယ်ချင်းရဲ့  ၀မ်းသာတဲ့အသံကို ဖုန်းထဲကကြားရတော့ လက်ဆောင်ပေးသူ ကျွန်မက ပြုံးပျော်ကြည်နူးမိတာပေါ့ရှင်။ ဒါနဲ့  ကျွန်မလည်း ထီးကို အိမ်မှာ မေ့ကျန်ရစ်ခဲ့ မှာစိုးလို့  ညကတည်းက အိတ်ထဲကြိုထဲ့ထားခဲ့ပြီး ကျွန်မတို့  ကုမ္ပဏီကို နောက်နေ့  မနက် ယူသွားပေးခဲ့ပါတယ်။

နောက် ၃-ရက်လောက်ကြာတဲ့အထိ ထီးလာမယူသေးလို့  သူမထံဖုန်းဆက်မေးတော့ ကုမ္ပဏီကို လာမယူနိုင်ဘူး..အိမ်ကိုဘဲ လာယူတော့မယ် ..ဆိုလို့  ကျွန်မ အိမ်ကို ပြန်သယ်လာခဲ့ရပါတယ်။ အိမ်သားတွေကိုလည်း မှာထားခဲ့ရတယ်လေ… ကျွန်မ အခန်းထဲမှာ ထီးရှိတယ်.. သူငယ်ချင်းထီးလာယူရင် ပေးလိုက်ပါလို့ ပေါ့။

ညနေရုံးဆင်းလို့ အိမ်ပြန်ရောက်တိုင်း ထီးလေးက ကျွန်မကိုစောင့်ကြိုနေတာမြင် နေရတော့ သူမ လာမယူဖြစ်သေး တာနဲ့ …ကျွန်မ ဖုန်းဆက်မေးခဲ့ပါတယ်…လာမယူသေးဘူးလားပေါ့။ ဒီတော့ သူမက အိမ်ကိုလာမယူဖြစ်တော့ဘူး..ရုံးမှာဘဲ လာယူတော့မယ်တဲ့။ ကိုင်း…နောက်တစ်နေ့  ကျွန်မ အလုပ်သွားတော့ ရုံးကိုပြန်သယ်ခဲ့ရတာပေါ့ရှင်။
  

နွေနေပူပူမို့  ထီးအမြဲဆောင်နေရတာကြောင့် ကျွန်မရဲ့  လက်ကိုင်အိတ်ထဲမှာ ကျွန်မဆောင်းနေကျထီးဟောင်းရော၊ တိုလီမိုလီ အသုံးအဆောင်တွေရော၊ တခါတရံ အလုပ်ကိစ္စစာရွက်စာတမ်းတွေရော၊ ကွန်ပြူတာ laptop ရော၊ ထမင်းဗူးရော… သယ်နေရလို့  ပုခုံးတစ်ဖက် စောင်းနေပါပြီ။ ဒီကြားထဲ သူမဆန္ဒအတိုင်း ထီးသစ်ကလေးကိုပါထည့် သယ်ပေးနေပါတယ်။

ဒီလိုနဲ့  ရုံးမှ အိမ်၊ အိမ်မှရုံး သို့  သူမ အဆင်ပြေစေဖို့ ကျွန်မ အကြိမ်ကြိမ် သယ်ပေးခဲ့တာ…၄-ကြိမ် ဖြစ်ခဲ့ပြီး ထီးလေးက အိမ်မှာ သောင်တင်နေတုန်းပါဘဲ။ အဲ…လွန်ခဲ့တဲ့ ၂-ရက်ကတော့ ကျွန်မဖုန်းဆက်ပြီး လာမသယ်သေးဘူးလား မေးတော့..သူမက အိမ်ကို မလာတော့ဘူး…ရုံးကိုဘဲ သယ်လာပါတော့တဲ့။ ရော…ခက်ချေပြီ။ “ ပြောပြန်ပြီဟာ.. ဟိုမှာလာယူမယ်… ဒီမှာလာ ယူမယ်… ဟိုနေ့ လာမယ်.. ဒီနေ့ လာမယ် နဲ့  အမျိုးမျိုးဘဲ…ခု ထီးက အိမ်မှာ … အဆင်ပြေတဲ့နေ့  အဆင်ပြေတဲ့အချိန်ကျမှဘဲ အိမ်ကို လာယူတော့ဟာ ”…လို့  ကျွန်မဖုန်းဆက်ပြောပေးလိုက် မိပါတယ်။

ဒီနေ့ မနက် အိပ်ယာကနိုးတော့ ဖုန်း Viber ကနေ သူမဆီက မတ်ဆေ့ခ်ျစာကို မမျော်လင့်ဘဲ ဖတ်လိုက်ရပါတယ်။ “ သူငယ် ချင်းလေးရေ..ထီးလေးကိုသုံးလိုက်ပါတော့.. ဒီနေ့ ထီးတစ်ချောင်းဝယ်လိုက်ရလို့ .. သူငယ်ချင်းသုံးလိုက်နော် Thanks a lot for your present ”…ပါတဲ့။
  

ကျွန်မ စေတနာထားပြီး သူငယ်ချင်းစိတ်တိုင်းကျ ထီးကို အိမ်-ရုံး-အိမ် အကြိမ်ကြိမ် သယ်ပေးခဲ့ပေမယ့်… သူမဖက်က လက်ဆောင်လေးကို ခပ်ပေါ့ပေါ့တန်တန်နဲ့ ငြင်းဆန်တာကို သိရတော့…စိတ်မကောင်းကြီးစွာဖြစ်ခဲ့ရပါတယ်။ ပေးမိတဲ့ စေတနာအတွက်ကိုလည်း ကျွန်မဖက်က ဘယ်တော့မှ နောင်တရမိမယ် မဟုတ်ပါဘူး။ ဒါပေမယ့် သင်ခန်းစာ တစ်ခုတော့ ရလိုက်ပါတယ်။

အဲဒီ ဘ၀သင်ခန်းစာလေးကတော့ (က) လက်ဆောင်ပေးတော့မယ်ဆိုရင် တစ်ဖက်သူက မလိုချင်တာကို အတင်းမပေး ကောင်းဘူး။ လက်မခံချင်သူကို အတင်းပေးမိတဲ့အခါ ပေးသူရော လက်ခံသူရော ၂ ဦး ၂ ဖက် ကသိကအောက် ဖြစ်တတ်ပါ တယ်။ (ခ) အကယ်၍ မိမိ မနှစ်သက် အလိုမရှိတဲ့ လက်ဆောင်ကို တစ်ဖက်သားက ပေးလာခဲ့တယ်ဆိုပါစို့ …အဲဒီအခါ စေတနာကို အလေးအမြတ်ပြုတဲ့အနေနဲ့  ၀မ်းပမ်းတသာလက်ခံပေးရပါမယ်..နောက်မှ ကိုယ်မသုံးလဲ တခြားအသုံးတဲ့မယ့်သူ တစ်ယောက်ယောက် ကို လက်ဆင့်ကမ်းပေးလို့ ရပါတယ်။ (ဂ) တစ်ဖက်သားက ပေးလာတဲ့ စေတနာလက်ဆောင်က တန်ဖိုးရှိ သည်ဖြစ်စေ၊ တန်ဖိုးနည်းသည်ဖြစ်စေ၊ မိမိအတွက် အသုံးမတည့်သော်ငြား မငြင်းပယ် စကောင်းပါဘူး။ စေတနာကို စော်ကားရာ ရောက်သွားပါလိမ့်မယ်။
 

Crdeit to : (ပေါက်ပေါက်…ခံစားတင်ပြသည်)  

No comments:

Post a Comment