Tip-1
တောက်ပစိုလက်တဲ့ ဆံသားဟာ ကျန်းမာတဲ့ဆံသားပုံစံ အမှန်ဖြစ်တာကြောင့်
ဒီလိုဆံကေသာ စိုလက်နေတဲ့သူဟာ ကိုယ့်ရဲ့ဆံပင်ကို ကောင်းစွာ
ထိန်းသိမ်းမှုရှိသလို ကောင်းစွာပြုပြင်တဲ့သူမှန်း အရမ်းသိသာပါတယ်။
ဆံသားထိန်းသိမ်းမှု ဆိုတာဟာ ယနေ့ခေတ်မှာ ဈေးကြီးတဲ့ ပြင်ဆင်မှုတွေ
ဖြစ်တာကြောင့် အထွေအထူးကြီး ဖက်ရှင်ကျအောင် ၀တ်စားပြတာထက် ဆံသားကို
ဦးစားပေးပြီး ဖော်ပြလိုက်တာက ပိုပြီး တစ်ဖက်သားရဲ့ အထင်ကြီးမှုကို
ရရှိနိုင်ပါတယ်။
Tip-2
ဆံပင်ကို ခေါင်းစည်းကြိုး(သို့) ခေါင်းစည်းပုဝါသုံးပြီး စီးလေ့ရှိတဲ့
ပျိုမေတို့သိသင့်တဲ့အချက်ပါ။ ဆံပင်ကို တင်းနေအောင်စည်းမှ အချို့ပျိုမေတို့က
အားရကြပါတယ်။ ဆံပင်ကိုတင်းအောင်စုယူလိုက်ခြင်းဖြင့် ဆံပင်အရင်းမှ
ဆံအိတ်များကို ဆွဲယူလိုက်သလိုဖြစ်ပြီး
ဆံပင်ကျွတ်ခြင်းပိုမိုဖြစ်ပေါ်စေပါတယ်။
Tip-3
ဆံပင်ထုံးတဲ့အခါပဲဖြစ်ဖြစ်၊ ခေါင်းလျှော်ပြီးစ
ဆံသားများရှုပ်ထွေးနေတဲ့အခါမှာဘဲဖြစ်ဖြစ် ပျိုမေတို့ တော်တော်များများက
ဆံပင်ကို ဘရပ်ရှ် သို့ comb သုံးပြီး ရှင်းလေ့ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာ
ဆံပင်သားပျက်စီးမှု ပိုမိုဖြစ်ပေါ်စေတာမို့ ဆံပင်ထုံးတဲ့အခါ၊ ဖြေတဲ့အခါ
သင့်လက်ချောင်းလေးတွေ အသုံးပြုပေးပါ။ ဆံပင်သားထဲကို
လက်ချောင်းလေးများထည့်ပြီး ထိုးဖွရင်း ဖြည်းဖြည်းသက်သာ ဖြီးပေးပါ။
ရှုပ်ထွေးလိမ်ငြိတတ်တဲ့ ဆံနွယ်အမျိုးအစားပိုင်ရှင် ပျိုမေတို့အတွက်လည်း
ဆံသားဖြီးသင်တဲ့အခါ အခက်ခဲဆုံးအချိန်ကတော့ ခေါင်းလျှော်ပြီးစအချိန်ပါပဲ။
ရှုပ်ထွေးတဲ့ဆံပင်ကို combသုံးပြီး ခပ်ကြမ်းကြမ်းဖြီးတတ်တဲ့ ပျိုမေတို့ကို
သတိပေးချင်တာက ဆံသားကို အဲဒီလို အကြမ်းပတမ်း မဆက်ဆံသင့်ဘူးဆိုတာပါပဲ။
ရှုပ်ထွေးနေတဲ့ ဆံသားလေးတွေကို လက်ချောင်းလေးများ အသုံးပြုပြီး
ဖြည်းဖြည်းချင်း ရှင်းထုတ်ပါ။ ပြီးတဲ့အခါမှ ဘရပ်ရှ်ကို အသုံးပြုပြီး
ဖြည်းဖြည်းချင်း ဖြီးပေးပါ။
ဆံပင်ထုံးတာကို ဖြည်တဲ့အခါ၊ ဆံနွယ်အမျိုးအစား၊ ဆံပင်ကိုလျှော်တဲ့အခါ
သတိထားရမယ့်အချက်က စိတ်ရှည်ဖို့ရယ်၊ အချိန်ပေးဖို့ရယ်ပါပဲ။
အကြမ်းပတမ်းဆွဲပြီး ဖြည်တာပဲဖြစ်ဖြစ်၊ ရှင်းထုတ်လိုက်တာ ပဲဖြစ်ဖြစ်
ဆံသားကို ဆွဲဆောင့်သလိုဖြစ်ပြီး ဆံပင်နှစ်ခွတွေ ဖြစ်ပေါ်နိုင်ပါတယ်။ ဆံသား
ကျိုးပြတ်မှု တွေလည်းဖြစ်ပေါ်ပြီး ဟိုနားတစ်စ၊ သည်နားတစ်စနဲ့ ဆံသားတွေ
ထိုးထိုးထောင်ထောင်ဖြစ်တတ် ပါတယ်။
Tip-4
ဒါကတော့ Hair serum ကို ဘယ်အခါ အသုံးပြုသင့်သလဲဆိုတာပါ။ Hair serumကို
ခေါင်းလျှော်ပြီးစ အချိန်မှာ အသုံးပြုပေးမှာဖြစ်ပါတယ်။ Hair serum ဟာ
ဆံပင်ကို လေမှုတ်လိုက်တဲ့အခါ ဖြစ်တတ်တဲ့ ဆံသားခြောက်သွေ့ခြင်းကို အဓိက
ကာကွယ်ပေးတာမို့ ဆံပင်လျှော်ပြီး ခြောက်သွားတာနဲ့ Hair serum ကို
လိမ်းရမှာပါ။ ပြီးမှ Dryer နဲ့ အခြောက်ခံပေးပါ။
Tip-5
ကိုယ့်ဆံပင်အမျိုးအစားနဲ့ သင့်တော်မှန်ကန်တဲ့ ခေါင်းလျှော်ရည်နဲ့
ဆံပင်ပျော့ဆေးအတွက် ငွေအကုန်အကျခံဖို့ လိုပါတယ်။ မိသားစုသုံး
ခေါင်းလျှော်ရည်ဟာ ဈေးနှုန်းသက်သာပေမယ့် ဆံပင်သားနဲ့ ကိုက်ညီမှုမရှိရင်
ဆံပင်သားပျက်စီးသွားနိုင်ပါတယ်။ အဲဒီအခါမှ ဆံသားပျက်စီးမှုအတွက် Treatment
တွေ ပြန်ယူလိုက်ရင် ကုန်ကျစရိတ်က သင် သီးသန့်ဝယ်ယူရမယ့် ခေါင်းလျှော်ရည်နဲ့
ပျော့ဆေးထက် ပိုမိုကုန်ကျမှာမို့ မနှမြောပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။
Tip-6
ဒါကတော့ ခေါင်းလျှော်ရည်ကြော်ငြာတွေမှာ ပါနေကျပါပဲ ။ “ အကြိမ်တစ်ရာ
ခေါင်းဖြီးတာတောင် ဆံပင်မကျွတ်ဘူး” ဆိုတာဟာ တကယ်တော့ မှားယွင်းပါတယ်။
ဆံပင်သားကို တစ်နေ့အကြိမ်တစ်ရာ ခေါင်းဖြီးတဲ့အခါ ဆံသားဟာ ချောမွတ်ပြီး
တောက်ပြောင်စေတယ်ဆိုတဲ့ အချက်ဟာလည်း မမှန်ပါဘူး။ ဆံသားဟာ မကြာခဏ
ဖြီးခံရမယ်၊ သင့်တော်မှန်ကန်တဲ့ comb သို့ ဘရပ်ရှ် အသုံးပြုခြင်းမခံရရင်
ပိုမိုပျက်စီးလွယ်ပါတယ်။ မျက်စိထဲမြင်အောင် ဥပမာပေးရရင်
မြစ်ရေတိုက်စားခံရတဲ့ ကမ်းပါးများ ပြိုကျသလိုပါပဲ။ မကြာခဏဖြီးပေးခြင်းဖြင့်
ဆံသားများ ဦးရေမှ ပိုမိုကျွတ်စေပါတယ်။ ဒါကြောင့် တစ်နေ့ကို
ခေါင်း(၁၀ကြိမ်) ဖြီးပေးရင် လုံလောက်ပါပြီ။ အကောင်းဆုံးကတော့ နိုးနိုးချင်း
ခေါင်းဖြီးကာ ဦးရေပြားကို လက်နှင့်နှိပ်နယ်ပေးခြင်းဖြင့် ဦးရေပြားတွင်း
သွေးလည်ပတ်မှု ပိုမိုကောင်းမွန်စေပြီး ဆံသားအတွက် လိုအပ်တဲ့ အာဟာရတွေ
မြန်မြန်ရောက်အောင် အားဖြည့်ပေးနိုင်ပါတယ်။
ပျိုမေတို့ရေ……ဖော်ပြပေးခဲ့တဲ့ ဆံသားဆိုင်ရာ ဂရုပြုစရာ(၆)ချက်က
အများဆုံးဖြစ်လေ့ရှိတဲ့၊ လုပ်လေ့ရှိတဲ့အမှားအယွင်းတွေပါပဲ။
ဒိလိုအခြေခံအချက်လေးတွေ ဂရုစိုက်ပေးမယ်ဆိုရင် ဆံသားအတွက် ကုန်ကျရမယ့်
ပိုက်ဆံသက်သာသွားမှာ ဖြစ်ပြီး အဲဒီပိုက်ဆံကို အခြားတစ်နေရာမှာ
အသုံးချလို့ရနိုင်ပါတယ်။
Credit : MOI Webportal Myanmar
No comments:
Post a Comment